“နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ”
ဧကန်နိဗ္ဗာန်ရောက်ကြောင်းမဟုတ်သော တရားတို့ကို ပေါဋ္ဌပါဒပရိဗိုဇ် မေးလျှောက်ထား၍ မြတ်စွာဘုရား
ဖြေကြားတော်မူခဲ့ပါတယ်။
ပေါဋ္ဌပါဒ။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤလောက၌ အဘယ်သို့သော တရားသည် ဧကန် နိဗ္ဗာန်ရောက်ရန် အကြောင်းရင်း မဟုတ်သော တရားတို့ဖြစ်ပါသနည်း မြတ်စွာဘုရား တပည့်တော်ကို သနားသောအားဖြင့် ရှင်းလင်းဟောကြားတော်မူပါဘုရား။
မြတ်စွာဘုရား။ ပေါဋ္ဌပါဒ ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ကို ငါဘုရားသည် ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ဟု ရှင်းလင်းဟောကြား ဖော်ပြထားပေ၏။
ပေါဋ္ဌပါဒ ဧကန်နိဗ္ဗာန်ရောက်ကြောင်းမဟုတ်သော တရားတို့ဟု ငါဘုရားဟောကြား ဖော်ပြထား
သောထိုတရားတို့ကား …….
ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ လောကသည် မမြဲ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ လောကသည် အဆုံးရှိ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ လောကသည် အဆုံးမရှိ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ ထို ကိုယ်သည်ပင် အသက်၊ ထို အသက်သည်ပင် ကိုယ် ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ အသက်သည် တခြား၊ ကိုယ်သည် တခြား ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ မရှိ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိလည်းရှိ မရှိလည်းမရှိ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်ဟူသည် ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏။
ပေါဋ္ဌပါဒ အဘယ့်ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ဟု ငါဘုရားသည် ဟောကြားဖော်ပြသနည်းဆိုတာ ပေါဋ္ဌပါဒ သင်သိသလား …
ပေါဋ္ဌပါဒ။ ဉာဏ်တော်အနန္တတိှု့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အကျိုးအကြောင်း လူပိန်း ရှင်းအောင် ဆက်လက်၍သာ မိန့်တော်မူပါဘုရားဟု လျှောက်ထားတောင်းပန်လျှောက် ထားပြန်ပါတယ်။
မြတ်စွာဘုရား။ ထိုအခါ မြတ်စွာဘုရားက ပေါဋ္ဌပါဒ ထိုတရားတို့သည် အကျိုးစီးပွားနှင့်မစပ် ကုန်၊ လောကုတ္တရာတရားနှင့် မစပ်ကုန်၊ အကျင့်မြတ်၏ အစမျှပင် မဟုတ်ကုန်၊ ငြီးငွေ့ရန် အလို့ငှာ မဖြစ် ကုန်၊ တပ်မက်ခြင်း ကင်းရန် အလို့ငှာ မဖြစ်ကုန်၊ ဝဋ်ဆင်းရဲ ချုပ်ရန် အလို့ငှာ မဖြစ်ကုန်၊ ကိလေသာ ငြိမ်းရန် အလို့ငှာ မဖြစ်ကုန်၊ ထူးသောဉာဏ်ဖြင့် သိရန် အလို့ငှာ မဖြစ်ကုန်၊ သစ္စာလေးပါးကို သိရန် အလို့ငှာ မဖြစ်ကုန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှာ မဖြစ်ကုန်၊ ထို့ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ဟု ငါဘုရားသည် ဟောကြား ဖော်ပြပေ၏။
မြတ်စွာဘုရားသည် ပေါဋ္ဌပါဒပရိဗိုဇ်ကို ဤကဲ့သို့ ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများကို မိန့်တော်မူခဲ့သည်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလွန်တရာ ရခဲ့လှသည့် ရတနာကို ဤတွင်တွေ့မြင် ဖတ်သည့်ချိန်တွင် ရှောင်စရာများ ကြိုသိထား၍ မိမိရည်မှန်း နိဗ္ဗာန်နန်းသို့ သမ္မာအာဇီဝ အကျင့်မြတ်ဖြင့် ကျင့်ကြံအားထုတ်၍ မျက်မှောက်ပြုနိုင်ကြပါစေ၊ ရောက်နိုင်ကြပါစေ။
http://www.maharansi.blogspot.com
No comments:
Post a Comment