"ပုထုဇဉ်အဖြစ်မှ အရိယာအဖြစ်သို့"
လောကဟူသည် ပရမတ္ထအနေဖြင့် သင်္ခါရလောက သာရှိ၏။ ယင်းကိုပင် ‘အန္ဓပုထုဇဉ်များ’ က ပရမတ္ထအနေဖြင့် မမြင့်ဘဲ ပုဂ္ဂိုလ် ၊ သတ္တဝါအနေဖြင့် မြင်သောအခါ ‘သတ္တလောက’ ဟုကြ၏။ ဘုံဗိမာန် သက်မဲ့ရုပ် ဝတ္ထုအနေဖြင့် မြင်သောအခါ ‘ဩကာသလောက’ ဟု ဆိုကြ၏။ ကလျာဏ ပုထုဇဉ်များကမူ ‘ဉာတပရိညာ’ အဆင့်မျှဖြင့်ပင် ပုဂ္ဂိုလ် ၊ သတ္တဝါ မရှိကြောင်းကိုလည်း သိ၏။ ဘုံဗိမာန် သက်မဲ့ဝတ္ထု မရှိကြောင်းကိုလည်းသိ၏။ ထို့ကြောင့် ကလျာဏ ပုထုဇဉ်များသည် ပုဂ္ဂိုလ် သတ္တဝါ နှင့် ဘုံဗိမာန် သက်မဲ့ ရုပ်ဝတ္ထုအဆင့်ကို ထွင်းဖောက်၍ ပရမတ္ထအဆင့်ဖြစ်သော ‘သင်္ခါရဓမ္မ’ အထိမြင်ကြ၏။ ထိုသို့ မြင်မှသာ မျက်ကန်း ‘အန္ဓပုထုဇဉ်’ အဖြစ်မှ လွတ်မြောက်၏။ ထိုသို့ မမြင်နိုင်သေးလျှင် မျက်ကန်း ‘အန္ဓပုထုဇဉ်’ သာဖြစ်၏။
“အန္ဓဘူတော အယံလောကော - ဤလောကသည် အမိုက်တိုက်သာဖြစ်၏” ဟု မြတ်စွာဘုရား သခင်သည် အန္ဓပုထုဇဉ်များကို ရည်ရွယ်၍ ဟောတော်မူခဲ့၏ အန္ဓပုထုဇဉ်များတွင်လည်း လောကအပေါ်မေတ္တာ ၊ ကရုဏာရှိသော အန္ဓပုထုဇဉ်များလည်း ရှိကြပါသေး၏။ သို့ရာတွင် သူတို့အတွက် လောကသည် အမိုက်တိုက်သာဖြစ်၏။
ဗုဒ္ဓဒေသနာတော်အရ သတ္တဝါ အပေါင်းသည် ‘ဘဝ’ ကို အမိုက်တိုက် အနေဖြင့်လည်း မြင်တတ်၏။ အလင်းရောင် အနေဖြင့်လည်း မြင်တတ်၏။ အမိုက်တိုက် အနေဖြင့် မြင်သူကို အန္ဓပုထုဇဉ်ဟုခေါ်၏။ အလင်းရောင် အနေဖြင့် မြင်သူကို ကလျာဏ ပုထုဇဉ်ဟုခေါ်၏။ အမိုက်တိုက် အနေဖြင့် မြင်သောအခါ ‘ဘဝ’ ကို ရုပ် နှင့် နာမ် အဖြစ်လည်းကောင်း ၊ ရုပ် နှင့် နာမ်တို့၏ ကြောင်းကျိုးဖြစ်စဉ် အဖြစ်လည်းကောင်း မမြင်။ ‘ဘဝ’ ကို ပုဂ္ဂိုလ် ၊ သတ္တဝါ အဖြစ်သာမြင်၏။ ငါ ငါ့ဟာ ၊ ငါဥစ္စာအဖြစ်သာမြင်၏။ ထိုအခါ သူ၏ဘဝသည် မည်မျှပင်- နုံချာအကျည်းတန်သည်ဖြစ်စေ ၊ သာယာဖွယ် ‘သုဘ’ အဖြစ်သာမြင်တော့၏။ ထိုသို့ မြင်သည် နှင့် တပြိုင်နက် ဘဝကို အမြဲတည်တံ့ ချမ်းသာအောင် မိမိ၏ အလိုဆန္ဒအတိုင်းဖြစ်အောင် တရားသည် ဖြစ်စေ ၊ မတရားသည် ဖြစ်စေ ၊ ဘက်ပေါင်းစုံမှ နည်းပေါင်းစုံဖြင့် ကြိုးစား၏။
မိမိအတွက် ရရာရကြောင်းကို ကြံစည်တွေးတော၏။ ဤသဘောကို ‘ကာမဝိတက်’ ဟု ခေါ်၏။ ကြံသော်လည်း ရချင်မှရ၏။ တွေးတောသော်လည်း ရချင်မှရ၏။ မရလျှင် ဒေါမနဿ ဝေဒနာဖြစ်ကာ သုခဝေဒနာကို တောင့်တသည့်တဏှာဖြစ်၏။ ထိုသို့ ကြံတိုင်း ၊ တွေးတောတိုင်း ရသောအခါပျော်၏။ ကျေနပ်၏။ ထိုအခါ သောမနဿဝေဒနာဖြစ်၏။ ဝေဒနာကြောင့် ‘တဏှာ’ ဖြစ်၏။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ တဏှာဖြစ်လျှင် ‘ဥပါဒါန်’ ၊ ထိုနောက် ‘ကံ’ ၊ ထိုနောက် ‘ဇာတိ’ ၊ ထိုနောက် ‘ဇရာ’ ၊ ထိုနောက် ‘မရဏ’ ၊ ဤပဋိစ္စသမုပ္ပါဒ်ကား အလယ်မှစ၏။
ဒွါရ အာရုံ နှင့် စိတ်တို့တွေ့ဆုံရာမှ ‘တိဏ္ဏံသင်္ဂတိဖေဿာ’ ဓမ္မသဘောအရ ဖြစ်ပေါ်လာသော ဝေဒနာကို သာယာသည့် တဏှာ စွဲလမ်းသည့် ဥပါဒါန်တို့ဖြင့် အကုသိုလ်ကံတို့ကိုပြုလုပ်လျှင် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်အရ အပါယ်ဇာတိ ၊ အပါယ်ပဋိသန္ဓေဖြစ်၏။ အပါယ်ဇာတိ နှင့် အပါယ်မရဏအကြား ကြုံတွေ့ရမည့်သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿ ၊ ဥပါယာသတို့ကိုမူ မည်မျှရှိမည်ဟု ခန့်မှန်း၍မရနိုင်အောင်ပင်ဖြစ်၏။ ဤသည်မှာ အမိုက်တိုက် အနေဖြင့် ‘ဘဝ’ ကို မြင်တတ်သော အန္ဓပုထုဇဉ်တို့၏ သွားရာလမ်းဖြစ်၏။
ကလျာဏ ပုထုဇဉ်တို့သည်ကား ပုညကြိယာ ဝတ္ထုဆယ်ပါးဟူသော ကုသိုလ်ကောင်းမှုများကို ပြုနေကြသည် ဖြစ်သောကြောင့် ပညတ် ၊ ပရမတ် ၊ ရုပ် ၊ နာမ် ၊ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ၊ ဖြစ် ၊ ပျက်တို့သိမြင်၍ စင်္ကြာဝတေးမင်း ၊ သိကြားမင်းကအစ လိုသောဆုကို တောင်း၍ ဤဘဝ၌လည်း ကိုယ်ချမ်းသာ ၊ စိတ်ချမ်းသာရနိုင်ပါသည်၊ နောက်ဆုံးမဂ်ဖိုလ်၊ နိဗ္ဗာန်ချမ်းသာ ရသည်အထိ ကောင်းကျိုးများကို ရနိုင်ပါသည်။
ကလျာဏ ပုထုဇဉ်တို့သည် အစဉ်သဖြင့် အနိမ့်မှအမြင့်သို့ တက်နေသူဖြစ်၏။ ဤသည်ကိုပင် ပါရမီဖြည့်ခြင်း ဟူ၍ဆိုရ၏။ ရတနသုတ်ပါဠိတော်၌ ဘုရားလောင်းသည် နိယတ ဗျာဒိတ်တော်ကို ရပြီးချိန်မှစ၍ မိမိ၏အကျိုးစီးပွား သာမက လောက၏အကျိုးစီးပွားကိုလည်း ဆောင်ရွက်ခြင်းအားဖြင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တို့ကာလပတ်လုံး ပါရမီတော်များကို ဖြည့်ကြောင်းဖော်ပြထား၏။ ဇာတ်တော်များကို ဖတ်ရှုလေ့လာသောအခါ မြတ်စွာဘုရား အလောင်းတော် ၊ ရှင်သာရိပုတ္တရာ အလောင်းတော် ၊ ရှင်မောဂ္ဂလာန် အလောင်းတော် ၊ ရှင်အာနန္ဒာ အလောင်းတော်စသူတို့သည် မိမိတို့ ကိုယ်ပိုင် တိရစ္ဆာန်ဘဝ ရောက်နေစဉ်မှာပင် အနစ်နာခံကာ လောက၏ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရ၏။ ဤသို့ဆောင်ရွက်ခဲ့သော ပါရမီတော်-တို့၏ အာနုဘော်ကြောင့် သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော် မူနိုင်ကြခြင်း ဖြစ်၏။ ဤမွန်မြတ်လှစွာသော မေတ္တာ ၊ ကရုဏာတို့နှင့်ယှဉ်သော စေတနာတို့ကြောင့် တိရစ္ဆာန်ဘဝတို့၌ ဖြစ်ရစေကာမူ မြင့်မားသော အဆင့်တို့၌ဖြစ်ကြ၏။ လူများကိုပင် တရားဓမ္မဟောပြ နိုင်လောက်အောင် အသိဉာဏ် ပညာနှင့်ပြည့်စုံကြ၏။
ကလျာဏ ပုထုဇဉ်များသည် သစ္စာလေးပါးကို သိအောင် ခန္ဓာငါးပါး ရုပ်နာမ်တရားကို ရှုမှတ်အားထုတ်ကြ၏။ ခန္ဓာငါးပါးတွင် အနိစ္စလက္ခဏာလည်းရှိ၏။ ဒုက္ခလက္ခဏာလည်းရှိ၏။ အနတ္တလက္ခဏာလည်းရှိ၏။ အနိစ္စလက္ခဏာ ဟူသည်မှာ ဖြစ်ပျက်အမှတ်အသားဖြစ်၏။ သို့ရာတွင် ယင်းဖြစ်ပျက် အမှတ်အသားကို ‘သန္တတိ ပညတ်’ ကဖုံး၏။ ‘သန္တတိ ပညတ်’ ဖုံးထားသောကြောင့် အမြဲရှိနေသည့် အစဉ်အတန်းကြီးအဖြစ် အမှတ်မှား ၊ အသိမှား ၊ အယူမှား ၊ တဏှာ ၊ မာန ၊ ဒိဋ္ဌိတို့ဖြင့် ငါ့ဥစ္စာ ၊ ငါ ၊ ငါ့ အတ္တဟု စွဲလန်း၏။ ဒုက္ခလက္ခဏာ ဆိုသည်မှာ အမြဲမပြတ် ညှင်းဆဲနှိပ်စက်ခြင်း အမှတ်အသားဖြစ်၏။ သို့ရာတွင် ယင်းအမှတ်အသားကို ‘ဣရိယာပုထ်‘ ကဖုံး၏။ ထိုသို့ ဖုံးထားသောကြောင့် ညှင်းဆဲနှိပ်စက်နေသည်ဟု မမြင်တော့ဘဲ ‘သုခ’ အဖြစ် အမှတ်မှား ၊ အသိမှား ၊ အမြင်မှား၍ စွဲလန်း၏။ အနတ္တလက္ခဏာ ဆိုသည်မှာ မိမိအလိုအတိုင်း မဖြစ်ခြင်း အမှတ်အသားဖြစ်၏။ ယင်းအမှတ်အသားကို ‘ဃနပညတ်’ ကဖုံး၏။ ထို့ကြောင့် ဒြပ် ၊ အစိုင်အခဲအဖြစ် အမှတ်မှား ၊ အသိမှား ၊ အမြင်မှားကာ မိမိဆန္ဒ အတိုင်းလုပ်၍ ရကောင်းသည်ဟု စွဲလန်း၏။
ထိုအစွဲအလန်းများ တဖြည်းဖြည်း ပျောက်ကင်းသွားအောင် ကလျာဏပုထုဇဉ်သည် ခန္ဓာငါးပါး၏ မမြဲခြင်း ၊ ဆင်းရဲခြင်း ၊ အလိုအတိုင်း မဖြစ်ခြင်းတို့ကို အလျဉ်းသင့်သလို ဉာဏ်ဖြင့်ပွားများ သွားပါက ‘ဘဝနိကန္တိက’ ခေါ်ဘဝကိုတပ်မက်သည့် တဏှာသည် လက်သမား၏ လက်ရိုက် ၊ လက်ကိုင်ရိုးကဲ့သို့ တဖြည်းဖြည်း လက်ရာများက စားမှန်းမသိစားပြီး ၊ အဆုံးတနေ့၌ သမုဒယသစ္စာ ပါး၍ပါး၍သွားကာ အမြစ်ဖြတ်နိုင်သည့် အဆင့်သို့ရောက်ပြီး ပုထုဇဉ်အဖြစ်မှ အရိယာအဖြစ်သို့ ရောက်သွားပေလိမ့်မည် ၊ ဤကဲ့သို့ အသိတရား ၊ ဓမ္မတရားများကို စာတွေ့ရော လက်တွေ့ဖြင့်ပါ သင်ကြားပြသပေးပါသော မဟာရံသီပရိယတ္တိ ၊ ပဋိပတ္တိ ကျောင်းတိုက်ကြီး၏ ပဓာနနာယက ဆရာတော် ၊ ဘဝတန်ဆောင် အဘိဓမ္မာ ဋီကာကျော် နှင့် ဝိသုဒ္ဓိမဂ် ၊ သံယုဂ်မြန်မာ ပြန်သင်တန်း၏ သင်တန်းမှူး ဆရာတော် ၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ် ဆရာတော်ဘုရားကြီး၏ ကျေးဇူးတော်အနန္တကို အထူးလေးစား ကြည်ညို ဦးတင်လျှက်.....
ဒေါ်ခင်သန်းဝင်း(အဘိဓမ္မာ)
No comments:
Post a Comment