Monday, February 6, 2012


"နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော တရားများ"

    ဧကန်နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော တရားတို့ကို  ပေါဋ္ဌပါဒပရိဗိုဇ် မေးလျှောက်ထား၍  မြတ်စွာ ဘုရား ဖြေကြားတော်မူခဲ့ပါတယ်။ 
 ပေါဋ္ဌပါဒ။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤလောက၌ အဘယ်သို့သောတရားသည် ဧကန်နိဗ္ဗာန်ရောက်ရန် အကြောင်းရင်းဖြစ်သော တရားတို့ဖြစ်ပါသနည်း မြတ်စွာဘုရား၊ တပည့်တော်ကို ကရုဏာရှေ့ထား မေတ္တာပွားကာ သနားသောအားဖြင့် ရှင်းလင်းဟောကြားတော်မူပါဘုရား။

 မြတ်စွာဘုရား။ ပေါဋ္ဌပါဒ ဧကန် နိဗ္ဗာန်ရောက်ကြောင်း  ဖြစ်သော တရားတို့ကို ငါဘုရားသည် ဧကန် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော တရားတို့ဟု ရှင်းလင်းဟောကြား ဖော်ပြထားပေ၏။
 ပေါဋ္ဌပါဒ ဧကန်နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော တရားတို့ဟု ငါဘုရားဟောကြားဖော်ပြထားသော ထိုတရားတို့ကား …….
ပေါဋ္ဌပါဒ ဤကား ဆင်းရဲတည်းဟူသည်ကို ဧကန်နိဗ္ဗာန်ရောက်ကြောင်းတရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏၊
ပေါဋ္ဌပါဒ ဤကား ဆင်းရဲဖြစ်ကြောင်းတည်း ဟူသည်ကို ဧကန်နိဗ္ဗာန်ရောက်ကြောင်း တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏၊
ပေါဋ္ဌပါဒ ဤကား ဆင်းရဲချုပ်ရာနိဗ္ဗာန်တည်း ဟူသည်ကို ဧကန်နိဗ္ဗာန်ရောက်ကြောင်း တရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏၊
ပေါဋ္ဌပါဒ ဤကား ဆင်းရဲချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်တည်း ဟူသည်ကို ဧကန်နိဗ္ဗာန် ရောက်ကြောင်းတရားဟု ငါဘုရားသည် ဟောကြားဖော်ပြ၏၊
ပေါဋ္ဌပါဒ အဘယ့်ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော တရားတို့ဟု ငါဘုရားသည် ဟောကြားဖော်ပြသနည်းဆိုတာ သင်သိသလား …
          ပေါဋ္ဌပါဒ။ ဉာဏ်တော်အနန္တတိှု့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အကျိုးအကြောင်း လူပိန်းရှင်းအောင် ဆက်လက်၍သာ မိန့်တော်မူပါဘုရားဟု လျှောက်ထားတောင်းပန် လျှောက်ထားပြန် ပါတယ်။
မြတ်စွာဘုရား။ ထိုအခါ မြတ်စွာဘုရားက ပေါဋ္ဌပါဒ ဤတရားတို့သည် အကျိုးစီးပွားနှင့် စပ်ကုန်၏၊ လောကုတ္တရာတရားနှင့် စပ်ကုန်၏၊ အကျင့်မြတ်၏ အစဖြစ်ကုန်၏၊ ငြီးငွေ့ရန်အလို့ငှာ ဖြစ်ကုန်၏၊ တပ်မက်ခြင်းကင်းရန်အလို့ငှာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲချုပ်ရန်အလို့ငှာ ဖြစ်ကုန်၏၊ သစ္စာလေးပါးကို သိရန်အလို့ငှာ ဖြစ်ကုန်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်ကုန်၏၊ ထို့ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း တရားတို့ဟု ငါဘုရားသည် ဟောကြားဖော်ပြပေ၏။
မြတ်စွာဘုရားသည် ပေါဋ္ဌပါဒပရိဗိုဇ်ကို ဤကဲ့သို့ ဧကန် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော တရားများကို မိန့်တော်မူခဲ့သည်မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလွန်တရာ ရခဲ့လှသည့် ရတနာကို  ဤတွင်တွေ့မြင် ဖတ်သည့်အချိန်တွင် ဆောင်စရာများ ကြိုသိထား၍ မိမိရည်မှန်း နိဗ္ဗာန်နန်းသို့ သမ္မာအာဇီဝ အကျင့်မြတ်ဖြင့် ကျင့်ကြံကြိုးစားအားထုတ်၍ မျက်မှောက်ပြုနိုင်ကြပါစေ၊ ရောက်နိုင်ကြပါစေ။

                                   http://www.maharansi.blogspot.com.

No comments:

Post a Comment

မဟာရံသီ ဘလောက်ကို လာလည်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။