ကုသိုလ် အကုသိုလ်တို့ အကျိုးပေးရာ၌
စည်းစနစ် ရှိပုံကို...မလ္လိကာမိဖုရား မေးလျှောက်၍ ဗုဒ္ဓမြတ်စွာ ဖြေတော်မူခဲ့ပါတယ်။
အမေး(၁)။
မြတ်စွာဘုရား...ဤလောက၌ တချို့မိန်းမသည် ရုပ်လည်းမချော၊ ဥစ္စာလည်းမပေါ၊ သြဇာအာဏာလည်း မရှိပါ။ ဤသို့
သုံးမျိုးလုံး မကောင်းခြင်း၏ အကြောင်းအရင်းကား အဘယ်ပါနည်း... မေးလျောက်ခဲ့ပါတယ်။
မြတ်စွာဘုရားက။ မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည်
(၁)ဒေါသကြီး၏...သူများက နည်းနည်းပါးပါး မခံချင်စရာ ပြောလျှင်
သူက စိတ်ဆိုး၍ မပြီးနိုင်အောင် ဖြစ်သည်။
နေရာတိုင်းမှာ မနှစ်သက် မကျေနပ်သော အမူအရာကို ပြတတ်၏။
(၂) စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်းမရှိ။
(၃) ကိုယ်ထက်သာလျှင် မနာလိုတတ်သော (ဣဿာ) စိတ်ရှိ၏။ ထိုမိန်းမသည်
နောက်ဘဝ၌ ဒေါသကြီးသောကြောင့် ရုပ်ဆိုး၏။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း
မရှိသောကြောင့် ဥစ္စာပစ္စည်းမွဲ၍ ဆင်းရဲရ၏။ ကိုယ်ထက်သာလျှင် မနာလိုတတ်သောကြောင့်
သြဇာအာဏာနည်း သူဖြစ်ရလေသည်။
အမေး(၂)။ မြတ်စွာဘုရား....ဤလောက၌ တချို့မိန်းမသည် ရုပ်မချောပါ၊
သို့သော် ဥစ္စာပေါ၍ သြဇာအာဏာရှိပါသည်။ ဤသို့ တစ်မျိုးမကောင်း၍ နှစ်မျိုးကောင်းခြင်း၏
အကြောင်းရင်းကာ အဘယ်ပါနည်း...ဟု မေးလျောက်ပြန်ပါတယ်။
မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌
တချို့ မိန်းမသည်
(၁) ဒေါသကြီး၏။
(၂) စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိ၏။
(၃) ကိုယ်ထက်သာလျှင် မနာလိုသော (ဣဿာ)စိတ်လည်း မရှိ၊ ထိုမိန်းမသည်
နောက်ဘဝ၌ အရုပ်ဆိုး၏ သို့သော် ဥစ္စာပေါ၍ သြဇာအာဏာကား ရှိလေသည်။
အမေး(၃)။ မြတ်စွာဘုရား....ဤလောက၌
တချို့ မိန်းမသည် ရုပ်ချောပါ၏။ သို့သော် စည်းစိမ်ဥစ္စာလည်းမရှိ၊ သြဇာအာဏာလည်း
မရှိပါ၊ ဤသို့ တစ်မျိုးကောင်း ၍ နှစ်မျိုး မကောင်းခြင်း၏ အကြောင်းအရင်းကာ အဘယ်နည်း
...ဟု မေးလျောက်လေတယ်။
မြတ်စွာဘုရားက။ မလ္လိကာ..ဤလောက၌ တချို့ မိန်းမသည် ဒေါသမကြီးတတ်၊
သို့သော် စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊ ကိုယ်ထက်သာလျှင် မနာလိုသော (ဣဿာ)
စိတ်လည်းရှိ၏။ ထိုမိန်းမသည် နောက်ဘဝ၌ ရုပ်ချော၏။ သို့သော် ပစ္စည်း ဥစ္စာမွဲ၍
ဆင်းရဲသည့်အပြင် သြဇာအာဏာလည်း မရှိတတ်ချေ။
အမေး(၄)။ မြတ်စွာဘုရား.... ဤလောက၌ တချို့ မိန်းမသည် ရုပ်ချောပါ၏
ဥစ္စာလည်းပေါပါ၏ သြဇာ အာဏာလည်း ရှိပါ၏၊ ဤသို့ သုံးမျိုးလုံး ကောင်းခြင်း၏
အကြောင်းကား အဘယ်ပါနည်း ဟု မေးလျောက်လေသည်။
မြတ်စွာဘုရားက မလ္လိကာ..ဤလောက၌
တချို့ မိန်းမသည် ဒေါသလည်း မကြီး..စွန့်ကြဲပေးကမ်း လှူဒါန်းလေ့လည်းရှိ၏။
ကိုယ်ထက်သာလျှင် မနာလိုတတ်သော စိတ်လည်း မရှိ၊ ထိုမိန်းမသည် နောက်ဘဝ၌ ရုပ်ချော
ဥစ္စာပေါ၍ သြဇာ အာဏာရှိသူ ဖြစ်နိုင်လေသည်။
ထိုတရားတော်ကို
ကြားနာရသော မလ္လိကာ မိဖုရားသည် ယနေ့မှစပြီး ဒေါသမကြီးသူ၊ စွန့်ကြဲပေးကမ်း လှူဒါန်း
လေ့ရှိသူ၊ ကိုယ်ထက်သာလျှင် မနာလိုသော (ဣဿာ) စိတ် မရှိသူ ဖြစ်ပါတော့မည်ဟု
လျောက်ထားလေသည်။
ဒေါသကြီးသူဟာ ဒီဘဝမှာပဲ ဒေါသဖြစ်တုန်း
အရုပ်ဆိုးနေသလို နောက်ဘ၀မှာလည်း အရုပ်ဆိုးတော့တာပဲ၊ ဒေါသ မကြီးတဲ့သူကတော့ ဒီဘဝမှာ
အမြဲ စိတ်ကြည်လင်နေ သလို နောက်ဘဝမှာလည်း ရုပ်အဆင်းပါ ကြည်လင် လှပနေမယ်။ မပေးမကမ်း
မလှူဒါန်းသူ ဟာလည်း ယခုဘဝမှာ နှမြောနေတဲ့အတွက် နောက်ဘဝမှာ နှမြောစရာ မရှိအောင်ကို
မွဲတော့မှာပါ။ ပေးကမ်းစွန့်ကြဲသူကတော့ နောက်ဘဝမှာ ပေးလို့မကုန်အောင်ကို
ပေါတော့မှာပါ။ ကိုယ်ထက်သာသူ ကို မနာလိုတတ်သူများကတော့ နောက်ဘဝမှာ သြဇာအာဏာ
မရှိတော့ပဲ သူ့စကားကို ဘယ်သူမှ နာလိုသူမရှိတော့ဘူး။ မနာလိုစိတ် မရှိသူကတော့ နောက်ဘဝမှာ
သူ့စကားကို အားလုံးက နာလိုကြလို့ သြဇာအာဏာပြည့်ဝနိုင်တယ်လို့ မြတ်စွာ ဘုရားက
ဟောကြားခဲ့ပါတယ်။
ဒါကြောင့် ဒေါသမကြီးကြဖို့၊ စွန့်ကြဲ ပေးကမ်းကြဖို့၊ ကိုယ်ထက်သာသူကို
တော်ပါပေတယ်၊ ရှေးကုသိုလ်ကောင်းပါပေတယ်၊ ယခုဘဝလဲ လုံ့လ ဝီရိယကောင်းပါပေတယ်
လို့ ချီးမွမ်းနိုင်ကြမှသာ၊ နောက်ဘဝမှာ ဥစ္စာပေါ ရုပ်ချောပြီး
သြဇာအာဏာရှိသူဖြစ်နိုင်မှာပါ။ အစဉ်မပြတ် သတိတရား လက်ကိုင်ထား၍ ကြိုးစားအားထုတ်နိုင်ကြပါစေ။
ရေးသားသူ.... ညခင်းနှင့်လမင်း
http://www.nyakhinyaelamin.net/2011/01/blog-post_20.html
မှကူးယူဖော်ပြပါသည်
No comments:
Post a Comment